နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကားလမ်းနယ်နိမိတ်များ၊ မီးရထားလမ်းနယ်နိမိတ်များ၊ ရထားလမ်းဖြတ်ကူးဂိတ်များ၊ လမ်းညွှန်း၊ လမ်းအမှတ်အသားများ စနစ်တကျရှိစေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ချမှတ်ထားသည့် Quick Win အစီအမံ (၅) ရပ်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်(သီးခြား) ယာဉ်ကြောအတွက် လမ်းပေါ်ဆေးရေးအမှတ်အသားများရေးဆွဲခြင်းနှင့်ပတ်သက်ပြီး စံနမူနာပြ ဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကို ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ဖို့အတွက် လမ်းအသုံးပြုသူများကိုအသိပညာပေးရေး၊ ထိန်းသိမ်းကြပ်မတ်ရေး၊ စစ်ဆေးအရေးယူရေးတို့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယာဉ်မတော်တဆမှုအရေအတွက်၊ ယာဉ်မတော်တဆမှုကြောင့် သေဆုံး၊ ဒဏ်ရာရမှုအရေအတွက်များ လျော့နည်းကျဆင်းရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မော်တော်ယာဉ်များအသုံးပြုမှုနှင့် ကြံ့ခိုင်မှုများ စနစ်တကျစစ်ဆေးကြပ်မတ်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအစီအမံများ ပြည့်ပြည့်စုံစုံတပ်ဆင်ခြင်းများကို စနစ်တကျဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ထို့အပြင် ယာဉ်များ မောင်းနှင်အသုံးပြုမည့်လမ်းများ၏ ဒီဇိုင်းမှန်ကန်ရေး၊ စံချိန်စံညွှန်းကိုက်ညီအောင် တည်ဆောက်ရေး၊ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးစသည့် လမ်းအရည်အသွေးဆိုင်ရာလုပ်ငန်းစဉ်များကို မပျက်မကွက် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများကိုလည်း သတ်မှတ်ပြဌာန်းချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ကြစေရေး ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် လမ်းညွှန်းလမ်းအမှတ်အသားများနှင့်အချက်ပြများ စိုက်ထူထားမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)