မိုင်းတုံ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ တောင်ယာစိုက်ခင်းများသို့ ယမန်နေ့ နံနက်ပိုင်းက မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ပါးစေရန် ကွင်းဆင်းအသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းအသိပညာပေးခြင်းလုပ်ငန်းကို မိုင်းတုံခရိုင်အတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ပါးစေရန်ရည်ရွယ်ပြီး တောင်ယာစိုက်ပျိုးရန် ရှင်းလင်းနေသော တောင်သူများထံအရောက်ကွင်းဆင်း၍ တောင်ယာရှင်းလင်းပါက မီးမရှို့စေပဲ၊ တောင်ယာပတ်ဝန်းကျင်တွင် ကျင်းတူးပြီးစွန့်ပြစ်စေခြင်း နောက်တချိန်တွင် မြေဆွေးပါရရှိကာ ပျိုးပင်များဖြစ်ထွန်းထွက်နှုန်းတိုးပွားလာသည့် အကျိုးအမြတ်ကိုရရှိနိုင်သည့်အပြင် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ပါးစေနိုင်ခြင်းဖြင့် မိမိပတ်ဝန်းကျင်တွင် လေကောင်းလေသန့်ခံစားရခြင်းနှင့် ကျန်းမာရေးကောင်းမွန်၍ စီးပွားရေးလုပ်ငန်းများ ကြိုးစားရှာဖွေးနိုင်ခြင်းစသည့် အသိပညာပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်သစ်တောဦးစီးဌာနတို့က သဘာဝပတ်ဝန်းကျင်ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်၊ အဓိပ္ပာယ်နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုနှင့်အဓိကအကြောင်းရင်းများကို ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)