ဥတ္တရသီရိမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းလုပ်ငန်းများ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ခွေးရူးရောဂါဖြစ်သော ခွေး၊ ကြောင်တို့မှ လူ (သို့မဟုတ်) တိရစ္ဆာန်သို့ ကူးစက်ခံရပါက အသက်အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် ခွေးလေခွေးလွင့် ကောင်ရေ လျော့ချရေး၊ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးမြူသူ ကိုယ်တိုင် မိမိ၏တိရစ္ဆာန် (ခွေး၊ ကြောင်) များကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်သည့် အလေ့အထများရှိလာစေရန်ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ပြီး ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် တိရစ္ဆာန်မှတဆင့် လူသို့ကူးစက်ခြင်း၊ တိရစ္ဆာန်အချင်းချင်း ကူးစက်ခြင်းများကို ကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိပြီး ဥတ္တရသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးလက်တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ယနေ့တွင် ဇလောင်းကျေးရွာနှင့် ဥတ္တရသီရိရပ်ကွက်တို့တွင် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)