မိုင်းဆတ်မြို့၊ ထူးဒေါ့ကျေးရွာ၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းဆတ် ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ထူးဒေါ့ကျေးရွာ၌  ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်အောင်ကြွယ်က တောင်ယာခုတ်ထွင်စိုက်ပျိုးရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ဆောင်ရွက်ရမည့်အချက်များအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်လင်းက ရာသီအလိုက် သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးအောင် လိုက်နာဆောင်ရွက်ရမည့် အချက်များအားလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်က နွေရာသီကာလရောက်ရှိလာပြီဖြစ်သည့်အတွက် နေအိမ်များနှင့် တောင်ယာများ၌ မီးသုံးစွဲရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များအားလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းက မှတ်ပုံတင်၊ Smart Card နှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအားလည်းကောင်း၊ မြို့နယ်မူးယစ်တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့မှ ရဲအုပ်ဝေဖြိုးဦးက မူးယစ်ဆေးဝါးများ၏ဆိုးကျိုးအန္တရာယ်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအားလည်းကောင်း၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဝင်းလွင်က မှုခင်းဖြစ်စဉ်များ လျော့နည်းကျဆင်းရေး လိုက်နာဆောင်ရွက်ရမည့်အချက်များအားလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသော ကျေးရွာနေပြည်သူများက သိရှိလိုသည်များ ပြန်လည်ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသော လွယ်ဆောင်ကျေးရွာအုပ်စုအတွင်းရှိ ထူးဒေါ့၊ နားလယ်၊ ဘာထန်နှင့် ပူနားခါးကျေးရွာများမှ ကျေးရွာနေပြည်သူများအား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ဝေသည့် မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များအား တာဝန်ရှိသူတို့က အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)