ချောင်းဆုံ ဖေဖော်ဝါရီ ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများ၊ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းတတ်စေရန်၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များကို ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီ ဘုရားဓမ္မာရုံတွင် တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်းအခမ်းအနားကိုကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးခင်မောင်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်တိုင်းရင်သားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီဌာန၊ ညွှန်ကြားရေးမှူးဒေါ်သန္တာလင်းက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူးက နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အမည်နာမဝိသေသရှေ့ဆောင်စကားလုံးများ ထည့်သွင်းခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အမျိုးသမီး/မသန်စွမ်း၊ ကလေးသူငယ်အခွင့်အရေး. လူငယ်ရေးရာမူဝါဒများနှင့် လူမှုရေးပင်စင်ဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တာဝန်ရှိသူများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များကို စစ်တမ်းနမူနာပုံစံအား ရှင်းလင်းပြောကြားကာ စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံ(၆၀)ဦးတို့မှ စစ်တမ်းမေးခွန်း(၂၄)ခုအားဖြေဆိုခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက ကျေးဇူးတင်စကားပြောကြားကာ တက်ရောက်လာကြသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)