ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ၊ စာအုပ်လှူဒါန်းပွဲနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်‌စေရေး၊ စာကြည့်တိုက်လုပ်ငန်းများ အောင်မြင်ရေး၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ စာကြည့်တိုက်ကို အားကိုးအားထားပြုတတ်စေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေး၊ စာကြည့်တိုက်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်တတ်စေရေး၊ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက်  စာအုပ်များအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ စာရေးဆရာ အကြီးကိုကို(ကသာ)ရေးသားသည့် "သားနဲ့သမီးအတွက် ဖေဖေ့နှလုံးသွေးစက်" စာအုပ်ဖြင့်  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေး ရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာရေးဆရာ၊ ဆရာမများဖြစ်သော မောင်ကျော်ဇော(ရှင်မတောင်နံ့သာမြေ)၊ ဦးမောင်မောင်တာ (သဘာဝ)၊ ကိုလင်း(အညာမြေ)၊ လုံမငယ်(လူမှု)နှင့်  စာပေဝါသနာရှင်များက စာရေးဆရာ အကြီးကိုကို(ကသာ) ရေးသားသည့် "သားနဲ့သမီးအတွက် ဖေဖေ့နှလုံးသွေးစက်" စာအုပ်အားဖတ်ရှု၍ မိမိတို့၏ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို ပြန်လည်ဆွေးနွေးခဲ့ပြီး  သုံးသပ်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် စာရေးသူ၏ ခံစားရေးသားခဲ့မှုများကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)