တာမွေ ဖေဖော်ဝါရီ ၂၇
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ရန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ ရင်းရင်းနှီးနှီး အားပေးစကားများ ပြောကြားခဲ့သည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကိုက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ မြို့နယ်အတွင်း ရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက မြို့နယ်အတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းစီဖြင့် ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။ ထို့နောက် ထောက်ပံ့ငွေရရှိသူများကိုယ်စား ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် အိမ်ထောင်စု(၂၈၆)စုရှိပြီး ဝန်ထမ်း(၅၃)ဦးနှင့် ပြည်သူ(၉၂၆)ဦး စုစုပေါင်း(၉၇၉)ဦးရှိကြောင်း၊ ထောက်ပံ့ငွေများပေးအပ်ရာတွင် ပထမအကြိမ်အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က နေရပ်စွန့်ခွာပြည်သူ(၄၉၀)ဦးကိုလည်းကောင်း၊ ယနေ့ ဒုတိယအကြိမ်အဖြစ် နေရပ်စွန့်ခွာပြည်သူ (၄၈၉)ဦးကိုလည်းကောင်း လက်ဝယ်အရောက် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်းနှင့် ထောက်ပံ့ငွေ ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်သည့် ပြည်သူများကိုလည်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)