သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ပြုလုပ်

သထုံ       ဖေဖော်ဝါရီ        ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာတွင် အများပြည်သူစုပေါင်းလှူဒါန်းသည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ကွန်ကရစ်လမ်းသစ်အနီး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ကမာစိုင်သုဿာန်အဝင်လမ်းနှင့် အောင်ချမ်းသာရပ်ကွက် ဘူတာပတ်လမ်း ကွန်ကရစ်လမ်းသစ်အား ဆရာတော်သံဃာတော်များဦးဆောင်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ ဧည့်ပရိသတ်များက လမ်းကုသိုလ်အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှတန်းဝေ သာဓုခေါ်ဆိုခဲ့ကြသည်။

အဆိုပါကွန်ကရစ်လမ်းသစ်ကို ကျေးရွာ ရပ်မိရပ်ဖ မိသားစုတို့၏ ဦးဆောင်မှုဖြင့် ရပ်နီးရပ်ဝေး အလှူရှင်များ၏ လုပ်အားကုသိုလ်၊ ငွေထည့်ဝင် လှူဒါန်းမှုတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး ငွေကျပ်သိန်းပေါင်း ၂၈၀ ကျော် ကုန်ကျခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်