ကျိုက်မရော ဖေဖောဝါရီ ၂၇
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ သီးနှံမျိုးစုံစိုက်ပျိုးပြီး နွေငရုတ်မိုးမျှော်သီးများကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ ငရုတ်သီး စိုက်ဧကပေါင်း ၂၅၅ ဧကခန့်ရှိကြောင်း ယခုနှစ် နွေရာသီတွင် မြေအောက်ရေဖြင့် စနစ်တကျ စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းလည်း ရရှိသဖြင့် စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်ရနေကြသည်။
ငရုတ်သီးကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဖေဖေါ်ဝါရီလနှင့် မတ်လတွင် စတင်ထွက်ရှိကြောင်း မျိုးအနေဖြင့် မိုးမျှော်သီးအစပ်နှင့် ရွှေအပ်တောင့်အမျိုးအစားနှစ်မျိုးကို တစ်ဧကလျင် မျိုးထုပ် ၂၀ ခန့် စိုက်ပျိုးရကြောင်း ငရုတ်မျိုးစေ့များကို ပျိုးထောင်ပြီး ဆယ်ရက်သားအရွယ်တွင် မြေချ၍ အတန်းလိုက်စီကာ စိုက်ပျိုးရကြောင်း မျိုးသွင်းအားစုလုပ်အားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းခန့် ကုန်ကျပြီး ပိသာချိန် ၃၀၀၀ ခန့် ထွက်ရှိကြောင်း ငရုတ်စိုက်ပျိုးသူ ဒေါ်မြတ်မိုးထံမှ သိရသည်။
စျေးကွက်အနေဖြင့် တောင်သူများမှ မော်လမြိုင်မြို့ကြီးနှင့် မြဝတီမြို့နယ် စပ်များထိတင်ပို့ရောင်းချကြပြီး ပြည်ပစျေးကွက်ထိ ထိုးဖောက်ရောင်းချနိုင်သဖြင့် စီးပွားဖြစ် စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်များ ပိုမိုရရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး