စစ်တွေ ဖေဖော်ဝါရီ ၂၇
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင် ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်၊ စက်သုံးဆီ၊ စားဆီနှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ အမ်ဗွီပြည့်ဖြိုးလျှံသင်္ဘောဖြင့် ရန်ကုန်မြို့မှ ဆန်၊ စားဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်းသို့ သွားရောက်ပြီး အမ်ဗွီပြည့်ဖြိုးလျှံသသင်္ဘောပေါ်မှ ပစ္စည်းများအားလူအင် အား၊ စက်ယန္တရားအင်အား များအသုံးပြုကာ ကုန်တင်ကုန်ချပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသောကုန်ပစ္စည်းများအား စနစ် တကျ အတင်အချပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများ ပျက်စီး ဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသော နေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိလာသည့် အမ်ဗွီရဲထွန်းအောင်(၃) သင်္ဘောပေါ်မှ ကုန်ပစ္စည်းများအား အတင်အချ ပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အမ်ဗွီပြည့်ဖြိုးလျှံသင်္ဘောတွင် ဆန်၊ စားဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသုံးကုန်ပစ္စည်းများ စုစုပေါင်း တန်ချိန် ၄၀၆ တန်တင်ဆောင်၍ လည်းကောင်း၊ အမ်ဗွီ ရဲထွန်းအောင် (၃)သင်္ဘောတွင် တည်ဆောက်ရေးပစ္စည်းများ၊ ဆန်နှင့်အခြေခံစားသောက်ကုန်များ စုစုပေါင်းတန်ချိန် ၁၀၈၂ တန် တင်ဆောင်၍ လည်းကောင်း စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အောင်မြေကုန်း ဘုန်းတော်ကြီးကျောင်း၌ကျင်းပသည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် စစ်တွေမြို့နယ်အတွင်းရှိ ယာယီ နေရပ်စွန့်ခွာ စခန်း(၅၂)ခုတွင် နေထိုင်ကြသော ပြည်သူများအား ဆန်ရိက္ခာနှင့် စားသုံးဆီများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မြေကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြပြီး နဝကမ္မအလှူငွေများ လှူဒါန်း၍ ဆရာတော်ထံမှ ဩဝါဒခံယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပသော အကြမ်းဖက်ဖြစ်စဉ်များကြောင့် စစ်တွေမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်း (၅၂)ခုတွင် နေထိုင်ကြသော ပြည်သူများအား ဆန်ရိက္ခာနှင့် စားသုံးဆီများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍လုံခြုံရေးအရ တိုက်ပွဲဖြစ်စဉ်များ ဖြစ်ပွားခဲ့ရကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများသည် မိမိတို့၏ ဒေသများကို ယာယီစွန့်ခွာပြီး စခန်းများတွင်နေထိုင်ခဲ့ကြရကြောင်း၊ ထိုသို့ ဖြစ်ပေါ်ရခြင်းသည် ဒေသတည်ငြိမ်အေးချမ်းမှုအားနည်း၍၊ တည်ငြိမ်အေးချမ်းမှုမရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးကြောင်း၊ တည်ငြိမ်အေးချမ်းမှ တရားဥပဒေစိုးမိုးမှုရှိမှ ထိုဒေသသည် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်မှုဖြင့် နေရပ်ဒေသကိုစွန့်ခွာပြီး ယာယီနေရပ်စွန့်ခွာ နေထိုင်နေကြသော ပြည်သူများအတွက် လိုအပ်သည်များကို ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ အလားတူ နိုင်ငံတော်မှ ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးလျှင် (၁)လ ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အလျင်းသင့်လျှင်သင့်သကဲ့သို့ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ထို့ပြင် အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် စားအုန်းဆီများကိုလည်း ယာယီနေရပ်စွန့်ခွာပြည်သူများကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရန်အတွက် မိမိတို့အစိုးရအဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့များအပြင် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယာယီစခန်းများတွင် နေထိုင်ကြစဉ်ကာလအတွင်းတွင်လည်း ဆရာတော်ကြီးများ၏ မေတ္တာကိုအလေးထားကာ သန့်ရှင်းရေးကအစ လုပ်ဆောင်ပေးကြရန်၊ စနစ်တကျ စည်းစည်းလုံးလုံးဖြင့် နေထိုင်ကြရန် စခန်းတာဝန်ခံများ၏ စကားကိုနားထောင်ပြီး လိုက်နာကြရန်နှင့် တစ်ချိန်တွင် မိမိတို့ရပ်ရွာဒေသများကို ပြန်လည်ရောက်ရှိကာ ရပ်ရွာအကျိုး၊ ဒေသအကျိုးကို လုပ်ဆောင်နိုင်သူများဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့က ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာနှင့် စားသုံးဆီများ ချီးမြှင့်ပေးအပ်ကြရာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကြသည်။ ယင်းနောက် ယာယီနေရပ်စွန့်ခွာစခန်းများတွင် နေထိုင်သူများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ပေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ သူနာပြုများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)