မုဒုံ ဖေဖော်ဝါရီ ၂၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာအရှင်သူမြတ်တို့အား အောင်လက်မှတ်၊ စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက က္ကစ္ဆာသယသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဂျုံးဂျုံးဂျတောရကျောင်း ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ကိတ္တိဝဏ္ဏထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး သြဝါဒကထာ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ကျောင်းသစ်ကျောင်း ဆရာတော်က စာအောင်ဆုချီးမြှင့်မည့် အစီအစဥ်များကို ရှင်းလင်းမိန့်ကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကန်ကြီးစေတီတော် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက ဓမ္မာစရိယစာအောင် သံဃာတော် (၃၁) ပါး၊ ပါဠိပထမပြန် စာအောင် သံဃာတော် (၃၄၂) ပါးအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။
ထို့နောက် ဆရာတော်ကြီးများ၊ စာအောင်သံဃာများနှင့် ပင့်သံဃာများအား ဧည့်ပရိသတ်အပေါင်းတို့က ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း (၆၃၀) ခန့်အား ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)