မိုင်းပန် ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရာတွင် အဆင်ပြေလွယ်ကူစေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်မှူးကြီး ကျော်စွာလင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် လျှပ်စစ်မီးရရှိရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်နိုင်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနအကြီးအကဲများမှ ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)