နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ကံကြီးမွေးမြူရေးဇုန်ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လုပ်ငန်းရှင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ

တပ်ကုန်း ဖေဖော်ဝါရီ ၂၇

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးမွေးမြူရေးဇုန် ပိုမိုဖွံ့ဖြိုးလာစေရန် မွေးမြူရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဦးတွမ်ခင်ဝင်း၊ FUN HWA နို့စားနွားမွေးမြူရေးခြံ အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ရာ ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်အောင်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင် ၂၀ ဦး တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်က မွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်လာရေးကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ခန့်ညားကုမ္ပဏီမှ မွေးမြူရေးပညာရှင်က မွေးမြူရေးဆိုင်ရာ အကျိုးတူပေါင်းစပ်ရင်းနှီးမြှပ်နှံဆောင်ရွက်ရေးအတွက် အကျယ်တဝင့် ရှင်းလင်းတင်ပြခြင်း၊ မွေးမြူရေးဇုန်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ဦးတွမ်ခင်ဝင်း၏ နွားမွေးမြူရေးလုပ်ငန်းနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုအခြေအနေများ ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်အဆင့် စိုက်ကြပ်အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ နေပြည်တော်ကောင်စီဝင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများ၊ ဆီထွက်သီးနှံများ ကိုယ်တိုင်ကြိတ်ခွဲရောင်းချနိုင်ရေး၊ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်းနှင့် မြေအောက်ရေ စက်ရေတွင်းတူးဖော်၍ ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်ရေး၊ နွေရာသီကျောင်းပိတ်ချိန်ကာလအတွင်း ကျောင်းသား/သူများ၏ ကာယ၊ ဉာဏဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများ မျှော်မှန်းတွက်ဆပြီး ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်စီစဥ်ဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့ပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်