မိုင်းဆတ် ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ ကျတီကျေးရွာအုပ်စု၊ ချောင်းဆုံ(၁၀ မိုင်) ကျေးရွာ၌ ယမန်နေ့နံနက် ၁၀ နာရီက တောင်ယာမီးရှို့မှု၊ တောမီးရှို့မှုများမပြုလုပ်စေရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်အောင်ကြွယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝင်းမြင့်နိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းညွန့်နှင့် တာဝန်ရှိသူတို့က တောင်ယာနှင့် တောမီးရှို့များမပြုလုပ်စေရေးနှင့် အဆိုပါမီးရှို့မှုများမှတဆင့် လေထုညစ်ညမ်းမှုအန္တရာယ် ဖြစ်ပေါ်လာနိုင်မှုအခြေအနေများ၊ လေထုညစ်ညမ်းမှု၏ အကျိုးဆက်များ၊ လေထုညစ်ညမ်းမှုဖြစ်စေသော အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ဖြစ်စေသော အကြောင်းအရင်းများ၊ မီးခိုးမြူ၏ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာပါက ရှောင်ကြဉ်ရမည့် နည်းလမ်းများနှင့် လိုက်နာရမည့်နည်းလမ်းများ၊ မီးခိုးမြူငွေ့များကြောင့် ဖြစ်ပေါ်လာနိုင်သောရောဂါများ၊ သစ်တောများပြုန်းတီးရခြင်းအကြောင်းအရင်းများနှင့် သစ်တောများ၏ အကျိုးကျေးဇူးများအား အကျယ်တဝင့် ဆွေးနွေးဟောပြောသည်။
ယင်းနောက် ဟောပြောပွဲတက်ရောက်လာသော ကျတီကျေးရွာ အုပ်စုအတွင်းရှိ ၆ မိုင်၊ ၉ မိုင်၊ ၁၀ မိုင်၊ ၁၃ မိုင်နှင့် ၁၈ မိုင် ကျေးရွာများမှ ကျေးရွာနေပြည်သူများအား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှထုတ်ဝေသည့် မီးခိုးမြူငွေ့အန္တရာယ် အသိပညာလက်ကမ်းစာစောင်များအား တာဝန်ရှိသူတို့က အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အလားတူ နေ့လယ် ၁ နာရီက မယ်နင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌လည်း တောင်ယာမီးရှို့မှု၊ တောမီးရှို့မှုများမပြုလုပ်စေရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)