နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရာက်

နေပြည်တော် ဖေဖော်ဝါရီ ၂၇

နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များရရှိကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့်  သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိသည့် သံဃာတော် ၁၉ ပါး၊ သီလရှင်နှစ်ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးတို့ကို သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းမှာဖြစ်ကြောင်း၊ အခမ်းအနားတွင် ဆရာတော်ကြီးများ အဆင်ပြေချောမွေ့စွာ အချိန်မီကြွရောက်နိုင်ရေးနှင့် ပြန်လည်ကြွရောက်နိုင်ရေး၊  သံဃာတော်များနှင့် သီလရှင်များအား ယာယီသီတင်းသုံးနိုင်ရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆွမ်းဆန်တော်များ ကြိုတင်လောင်းလှူနိုင်ရေးအတွက် စနစ်တကျလက်ခံဆောင်ရွက်ခြင်းနှင့် စနစ်တကျလောင်းလှူနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်သာသနာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းက အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)