နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ပြည်ပပို့ကုန်မြှင့်တင်ရေးဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ တက်ရာက်

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပပို့ကုန်တိုးတက်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် ပြည်ပပို့ကုန်မြှင့်တင်ရေးဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ၊ အငယ်စား၊ အလတ်စားပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒ လမ်းညွှန်ချက်များနှင့်အညီ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြင့် ဝင်ရောက်လာစေရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပြည်ပပို့ကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရန်နှင့် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရန်အတွက် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊  အစိုးရဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများအကြား ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖိတ်ခေါ်ဆောင်ရွက်နိုင်ရန်၊ ရင်းနှီးမှုဆိုင်ရာမူဝါဒများ၊ အခွင့်အလမ်းများနှင့် ကုန်သွယ်မှုအခွင့်အလမ်းများ၊ စည်းမျဉ်းစည်းကမ်းများကို ပိုမိုသိရှိနားလည်လာပြီး လုပ်ငန်းများအား ပိုမိုတိုးတက်အောင် ဆောင်ရွက်လာနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ ဒေါ်ယဉ်ယဉ်နွယ်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်သီတာချောလှိုင်က မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ GACC ပို့ကုန်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)