ညောင်ဦး ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ထန်းတောင်သူများ ထန်းလျက် ပေါ်ဦးပေါ်ဖျား ဈေးကောင်းနေခြင်းကြောင့် မိသားစုစီးပွားရေး တွက်ခြေကိုက်နေကြပြီး ထန်းတက်မှု မြင့်တက်လာနိုင်ကြောင်း ညောင်ဦးမြို့နယ် ပိုင်ထန်းတဲပိုင်ရှင် ဦးစံမောင်က ပြောကြား၍ သိရသည်။
ညောင်ဦးမြို့နယ်နှင့်ငါ့သရောက်မြို့တို့တွင် ထန်းပင်အမြောက်အများနှင့် ထန်းတောင်သူ အများအပြား ကျန်ရှိနေသေးသည့်မြို့တို့ဖြစ်ကာ ယခုနှစ်ထန်းလျက် ပေါ်ဦးပေါ်ဖျား ဈေးနှုန်းတစ်ပိသာ ၇၀၀၀ ကျပ်ရှိနေပြီး၊ ယခင်နှစ်ထန်းလျက် ပေါ်ဦးပေါ်ဖျားတစ်ပိသာ ၅၅၀၀ ကျပ်သာရှိပြီး ယခုနှစ်ဈေးကောင်းလာခြင်းကြောင့် ထန်းတက်တောင်သူ များလာနိုင်ကြောင်းနှင့် ထန်းတက်ရာသီကုန်ဆုံးချိန်ထိ ထန်းလျက်တစ်ပိဿာ ၅၅၀၀ ကျပ်ရှိနေပါက ထန်းတောင်သူများ ပြန်လည်ထန်းလုပ်ငန်းလုပ်ကိုင်လာနိုင်ကြောင်း ထန်းတောင်သူများထံက သိရသည်။ ထန်းလုပ်ငန်းသည် ထန်းတက်ရာသီမစမီအချိန်ကပင် ထန်းလျက်ချက်ဖို ပြုလုပ်ထားရခြင်း၊ ထန်းလျက်ချက်ဖိုပြုလုပ်ရန် မြေနီစေးသွားတူးရခြင်း၊ ထန်းလျက်ချက်ရန် ထန်းဖတ်၊ ထန်းလက်၊ ထန်းရွက်၊ ထင်း၊ လောင်စာများ စုဆောင်းထားရခြင်း၊ ထန်းတက်မည့် ထန်းပင်အရေအတွက်နှင့် ထန်းနို့ခိုင်မည်မျှထွက်သည်ကို ကြည့်ပြီး ထန်းဆွဲမြူအိုးများ ကြိုတင်ဝယ်ယူထားရခြင်း၊ ထန်းလျက်ကြိုချက်ရန် အဝကျယ်မိုးဗြဲဒယ်၊ ထန်းဆွဲမြူအိုးကြိုးများ၊ ကလိုင်၊ ဓားသုံးမျိုး၊ ထန်းလီးဓားထည့်အိမ်၊ ယင်းထောင် (လှေကား)၊ ယင်းဆွဲ(ထန်းပင်ထိပ်တွင် ထန်းလက်အစိုပေါ် ချိတ်ပြီးထားသည့် လှေကားတစ်မျိုး)တို့ ကြိုတင်ပြုလုပ်ထားရခြင်း၊ ထန်းလှီးထန်းတက်ရန် ထန်းပင်ပြင်ရာတွင် အခကြေးငွေမပေးရပဲ ထန်းတောင်သူအချင်းချင်း လက်စားလိုက်ပြင်ပေးရခြင်း၊ ထန်းတောင်သူများသည် ထန်းမတက်ခင် ကြိုတင်ပြင်ဆင်ရသည့် အလုပ်များဖြစ် (ကြိုတင်စုဆောင်း)ကြောင်း၊ အချို့ထန်းတောင်သူများ ထန်းတက်ရာသီ မဟုတ်ချိန်တွင် မိသားစုစားဝတ်နေရေး ပြေလည်စေရန် ကြိုတင်ငွေ (အရပ်ခေါ် ထန်းလျက်အငံ့ဆိုင်း) ကြိုယူထားရပြီး ထန်းလျက်ပေါ်ချိန် ထန်းလျက်ဈေးဘယ်လောက်ကောင်း ကောင်း ကြိုတင်ငွေယူထားသည့် ဈေးအတိုင်း ထန်းလျက်ပွဲ စားများ(ပွဲရုံ)သို့ ထန်းလျက်သွင်းရကြောင်းထန်း တောင်သူများမှ ရှင်းပြသည်။
ထန်းလျက်လုပ်ငန်းသည် အိမ်ရှိလူကုန်ပင်ပန်းသောလုပ်ငန်းဖြစ်ကာ ထန်းသမားတစ်ယောက် ထန်းအပင်သုံးဆယ်တက်လျှင် (လှီး) နံနက်တစ်ခါ ညနေတစ်ခါ အကြိမ် (၆၀) တက်ရကြောင်း၊ ထန်းဆွဲမြူအိုးကောက်၊ ထန်းလျက်ချက်သူ၊ ထန်းလျက်ချက်ဖိုမီးထိုးသူ၊ ထန်းတောင်သူမိသားစု လူဆယ်ယောက်ရှိလျှင် လူဆယ်ဦးလုံးပင်ပန်းသော လုပ်ငန်းဖြစ်သော်လည်း ငါ့သရောက်နယ်သည် ခေတ်အဆက်ဆက်ထန်းတက်လုပ်ငန်းကို အားထားပြုလုပ်ကိုင်လာခဲ့ရာ ထန်းလျက်ဈေးနှုန်းမှာလည်း တစ်မိသားစုလုံးလုပ်မှ ပိုလျှံသည် မရှိခဲ့ခြင်းကြောင့် ထန်းတောင်သူ သားသမီးများ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူ များပြားလာကာ ထန်းသမားဦးရေ သိသိသာသာလျော့ နည်းလာခဲ့ရာ ငါ့သရောက်မြို့ ထန်းပေါက်ကုန်းကျေးရွာသည် အိမ်ခြေသုံးရာကျော်ရှိပြီး တစ်ရွာလုံး ထန်းတက်လုပ်ငန်း လုပ်ကိုင်လာခဲ့ရာ ယခုအခါ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်သွားလုပ်ကြရာ ထန်းတက်သမား သုံးချိုးတစ်ချိုးပင်မရှိတော့ကြောင်း ထန်းတောင်သူ ဦးအောင်ရင်မှ ပြောကြား၍ သိရပြီး ထန်းလျက် ပေါ်ဦးပေါ်ဖျား ဈေးကောင်းခြင်းကြောင့် ထန်းတက်သူ များပြားလာနိုင်ကြောင်း ငါ့သရောက်မြို့ ဆင်သားမွေးကျေးရွာ ထန်းတောင်သူ ဦးမောင်မောင်ဦး ပြောကြား၍ သိရသည်။
ဒီပါလင်း