ကော့မှူး ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ကျုံလတာကျေးရွာ၊ တောင်ချောင်ကျေးရွာများတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနည်းဥပဒေများ၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းကပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီမိုကရေစီစတင်ကျင့်သုံးစဉ်က ပြဌာန်းထားပြီးဖြစ်၍ မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းအမျိုးသားအားလုံး အကျုံးဝင်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်များ၊ ပြည်သူစစ်မှုထမ်းစနစ်ကျင့်သုံးခြင်းဆိုင်ရာသိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်နှင့် တရားမဝင်မီဒီယာများ၏ ကောလာဟလလုပ်ကြံသတင်းများအား စိုးရိမ်ကြောင့်ကြမှုဖြစ်ရန်မလိုကြောင်းစသည်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် တွေ့ဆုံ၍ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့က ရပ်ရွာအေးချမ်းသာယာရေးနှင့်လုံခြုံရေးကိစ္စရပ်များ၊ စိုက်ပျိုးရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး၊ ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ၊ ရွာတွင်းလမ်းကိစ္စရပ်များအား ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများသည် ရပ်/ကျေးရုံးများဆောက်လုပ်မှုအခြေအနေများနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ Box Culvert တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)