ကော့မှူး ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်က ဘုရားလမ်းရပ်ကွက်၌ တစ်အိမ်တစ်ဆင်းအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြင့်သန်းနှင့် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ရပ်ကွက်နေပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မိမိနေအိမ်တွင် အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများ ချက်ပြုတ်ပါက လျှပ်စစ်မီးစနစ်တကျကိုင်တွယ် အသုံးပြုရေး၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ချက်ပြုတ်ပါက မီးကြွင်းမီးကျန်များအား စနစ်တကျငြှိမ်းသတ်ရန်၊ မီးချိပ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့် ရေပုံများအဆင်သင့်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည်အချက်များအား တစ်အိမ်တက်ဆင်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများအရောက် တစ်အိမ်တဆင်း အသိပညာပေးလုပ်ငန်းများအပြင် စာစစ်ဌာနများ မီးဘေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးခြင်း၊ ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းဟောပြောခြင်းအပြင် မြို့နယ်အတွင်း Fire Hotspot နှင့် မီးလောင်မှုမီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် အသိပညာပေးဆော်ဩခြင်းများကိုလည်း စဉ်ဆက်မပျက် ဆောင်ရွက်နေကြောင်း သိရသည်။
ကျော်သူရ