မိုင်းယန်း ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာရှိ အိမ်ခြေ (၅၄) အိမ်အား ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မိုင်းယန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းသန့်က အဖွင့်အမှာစကားနှင့် ကျေးရွာနေပြည်သူများအား ကျေးရွာမြေငှားဂရန် ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက ကျေးရွာမြေငှားဂရန် ထုတ်ပေးရခြင်း ရည်ရွယ်ချက်နှင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးဝင်းထွန်းမှ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဆောင်ရွက်ချက်များ၊ ကျေးရွာမြေငှားဂရန် ရရှိထားသူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ပိုင်ဆိုင်မှုအား တစ်စုံတစ်ရာဆောင်ရွက်ရန်လိုအပ်လာပါက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဥပဒေလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့မှ ယန်းခိုင်ကျေးရွာရှိ အိမ်ခြေ (၅၄) အိမ်တို့အား ကျေးရွာမြေငှားဂရန်များကို အသီးသီးပေးအပ်ပြီး ကျေးရွာနေပြည်သူများအားလုံးကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဆမ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး