ကျိုင်းတုံခရိုင်အတွင်း အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အတွင်း အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုးဝေက အမှာစကားပြောကြားပြီး ခရိုင်ဥပဒအရာရှိ ဦးဝင်းမောင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူး ဒေါ်ခင်ခင်မြင့်၊ အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ကျိုင်းတုံ) ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးစခန်း (ကျိုင်းတုံ)၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)တို့မှ တာဝန်ရှိသူများက  အဆိုးဝါးဆုံးပုံစံဖြင့် ကလေးအလုပ်သမားများ  ခိုင်းစေခံရမှု မဖြစ်စေရေး ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အဓမ္မခိုင်းစေမှုပပျောက်ရေး ဆောင်ရွက်ချက်များ၊ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရားအကောင်အထည်ဖော် ဆောင်ရွက်မှုများအကြောင်းနှင့် ကလေးအလုပ်သမားများ ဖယ်ရှားရေးဆိုင်ရာနှင့် ပြန်လည်ကုစားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်ကြည်၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့တို့က ကျိုင်းတုံခရိုင်အတွင်း အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးနှင့်ပတ်သက်၍ ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)