နမ့်စန်(တ) ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ နမ့်စန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းထူးချွန်ဆုများကိုချီးမြှင့်ရာ သင်တန်းတွင် ပထမဆုရရှိခဲ့သည့် အငယ်တန်းစာရေး ဒေါ်လှလှဝေကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းက ဂုဏ်ပြုဆုငွေ ၂ သိန်းကျပ်နှင့် ဒုတိယဆုရရှိသည့် အကြီးတန်းစာရေး ဒေါ်ဝင်းစန္ဒာသိမ့်ကို ဂုဏ်ပြုဆုငွေ ၁ သိန်းခွဲကျပ်တို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တတိယဆုရှိသော စာရင်းကိုင်-၄ ဝန်ထမ်း ဒေါ်ပန်းအိဖြူအား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ဂုဏ်ပြုဆုငွေ ၁ သိန်းကျပ်နှင့် စတုတ္ထဆုရရှိသော လက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ဒေါ်ရီရီမူကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက ဂုဏ်ပြုဆုငွေ ၇ သောင်းကျပ်တို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းကို ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၂၅ ရက်နေ့ထိဖွင့်လှစ်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းများက သက်ဆိုင်ရာလုပ်ငန်းစဉ်များကို သင်ကြားပို့ချခဲ့ပြီး နမ့်စန်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ စာရေးဝန်ထမ်း စုစုပေါင်း (၃၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)