မိုင်းပျဉ်း ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းမှ ဒေသတွင်းကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဖာဝေါကျေးရွာအုပ်စုနှင့် နောင်ကွဲကျေးရွာအုပ်စုများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များက မိုင်းပျဉ်းမြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံပြည်သူများ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဘာသာရေးအခြေအနေများ အဆင်ပြေချောမွေ့စေရေး ဆွေးနွေးခြင်း၊ စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာများအကြောင်းတို့ကို အသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက်ကြပြီး ဒေသခံမိဘပြည်သူများမှ ဘာသာသာသနာကိစ္စ၊ ကျေးရွာဖွံ့ဖြိုးရေးကိစ္စ၊ လူမှုရေးကိစ္စများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က မိမိတို့သိရှိလိုသော အကြောင်းအရာများကို မေးမြန်းတင်ပြကြရာ သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဒေသတွင်း ကွင်းဆင်းဟောပြောခြင်းသို့ ဖာဝေါကျေးရွာအုပ်စုနှင့် နောင်ကွဲကျေးရွာအုပ်စုများမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)