နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်း အရည်အသွေးကောင်း မတ်ပဲသီးနှံများ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

လယ်ဝေး ဖေဖော်ဝါရီ ၂၆

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက် ၉ နာရီက လယ်ဝေးမြို့၊ အေလာ၊ သရက်တောကျောင်းတိုက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် အရည်အသွေးကောင်း မတ်ပဲသီးနှံများ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်က အမှာစကားပြောကြားရာတွင်  ယခုအလုပ်ရုံဆွေးနွေးပွဲသည် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများက အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ မိမိတို့စိုက်ပျိုးသည့်သီးနှံများ အရည်အသွေးပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးဌာနက နည်းစနစ်များ အသိပညာပေးမှုကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးတွင် အဓိကကျသည့် မျိုး၊ မြေ၊ ရေ၊ နည်းကို အမှန်အကန်အသုံးချတတ်ရန် လိုအပ်မှာဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ၏ အဓိကသီးနှံမတ်ပဲကဲ့သို့ အခြားသီးနှံများဖြစ်သည့် စပါး၊ ပြောင်း၊ ဆီထွက်သီးနှံများကိုလည်း ယခုကဲ့သို့ ပညာပေးဆွေးနွေးပွဲ ကျင်းပစေချင်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအပြင် ကုန်သည်၊ သီးနှံပွဲရုံလုပ်ငန်းရှင်များလည်း တက်ရောက်သည့်အတွက် အရည်အသွေးပြည့်မီသော သီးနှံများ ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်အသုံးပြုနိုင်ရေး ပိုးသတ်ဆေး၊ ဓာတ်မြေဩ‌ဇာသုံးစွဲမှုနည်းစနစ်များကိုလည်း တောင်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ တောင်သူများအနေဖြင့်လည်း ဆည်ရေရရှိရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုများအသုံးပြုနည်း စသည်တို့ကိုလည်း သက်ဆိုင်ရာဌာနများမှ အကူအညီတောင်းယူနိုင်ပါကြောင်းနှင့် မိမိတို့ဒေသမှာ စိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံများကိုနည်းစနစ်မှန်စွာ စိုက်ပျိုးခြင်းဖြင့်  အရည်အသွေးကောင်းမွန်သည့် သီးနှံများကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တောင်သူများအတွက် တွက်ချေကိုက်သည့်အပြင် နိုင်ငံတော်အတွက်လည်း ပြည်ပပို့ကုန်မှရသည့် နိုင်ငံခြားဝင်ငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးရာရောက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံတောင်သူများ၊ ပွဲရုံကုန်သည်များ၊  ကုန်စည်ဒိုင်အသင်းများနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးသုတေသန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲနှင့် စိုက်ပျိုးရေးသုံးသွင်းအားစုဖြန့်ဖြူးရေးကုမ္ပဏီများက အရည်အသွေးကောင်း မတ်ပဲသီးနှံများ နည်းစနစ်မှန်ကန်စွာစိုက်ပျိုးနည်း၊ မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး၊ ဈေးကောင်းရရှိရေးနှင့် ပြည်ပဈေးကွက်သို့တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို ကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် အေလာအုပ်စု၊ ရွာမရပ်ရှိ ဦးသန်းဌေး၏ နေမင်းထွန်း လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းသို့ရောက်ရှိပြီး စက်ပစ္စည်းများထုတ်လုပ်နေမှုအား ကြည့်ရှုအားပေး၍ သမ၊ စက်မှုလယ်ယာနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရရှိရေး ဆွေးနွေးရန်၊ လုပ်ငန်းရှင်များစုစည်း၍ သမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်၊ နေပြည်တော်အတွင်းသာမက တိုင်းဒေသကြီး၊ ပြည်နယ်များသို့ တင်ပို့ရောင်းချနိုင်ရေး စျေးကွက်ရှာဖွေရန်၊ ပြည်တွင်းဖြန့်ဖြူးရောင်းချရုံသာမက ပြည်ပသို့ တင်ပို့နိုင်သည့်အထိ ရည်မှန်းချက်ထားဆောင်ရွက်ရန်၊ တစ်ဦးတစ်ယောက်တည်း တစ်ပိုင်တစ်နိုင် အသေးစားထုတ်လုပ်မှုမှသည် အစုအဖွဲ့ဖြင့် စျေးကွက်ဖူလုံအောင် ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)