သထုံ ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းစခန်း(သထုံ)သို့ မော်လမြိုင်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများစုပေါင်း၍ ယနေ့နံနက်ပိုင်းက လာရောက်လေ့လာကြရာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲနိုင်၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးတင်နိုင်ဝင်းနှင့် တာဝန်ရှိသူတို့က လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယပြည်နယ်မှူး ဦးတင်နိုင်ဝင်းက ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ငါးလုပ်ငန်းစခန်း(သထုံ)၏ ငါးသားပေါက်ထုတ်လုပ်ဖြန့်ဖြူးနေမှုနှင့် ငါးလုပ်ငန်းသင်တန်းများဖွင့်လှစ်မှုတို့ကို မိတ်ဆက်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ မော်လမြိုင်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာညိုညိုထွန်းက ကျေးဇူးတင်စကားပြောကြား၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ယင်းနောက် လာရောက်လေ့လာကြသူတို့အား သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းနှင့် ငါးလုပ်ငန်းစခန်(သထုံ)တာဝန်ခံ ဦးဝင်းဗိုလ်တို့က ငါးအမျိုးအစားများနှင့် ငါးဆေးထိုးသားဖောက်ခြင်း၊ ငါးသားပေါက်ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ငါးသားပေါက်ပြုစုခြင်း၊ ငါးမွေးမြူရေးကန်များ ပြုပြင်ထိန်းသိမ်းခြင်းစသည်တို့ကို ရှင်းလင်းပြောကြားကာ ငါးသားဖောက်ခြင်း မွေးမြူခြင်းလုပ်ငန်းစဥ်အား လက်တွေ့ပြသရာ ကျောင်းသား/ကျောင်းသူတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါခရီးစဉ်တွင် မော်လမြိုင်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၄၅ ဦးတို့ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်