ကျောက်ဆည် ဖေဖော်ဝါရီ ၂၅
မြန်မာ့အာမခံလုပ်ငန်း ကျောက်ဆည်ခရိုင်ရုံးတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ရာသီဥတုအညွှန်းကိန်း အခြေပြုသီးနှံအာမခံ ရေကြီးနစ်မြှပ်ခြင်းအကာကွယ်အတွက် စပါးစိုက်တောင်သူများအား လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို အဆိုပါရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက မိုးစပါးစိုက်တောင်သူ(၈၀)ဦး၏ အာမခံထားရှိသော ဧက(၂၃၀)အတွက် လျော်ကြေးငွေကျပ် (၁၀.၃၅၀) သန်းအား တောင်သူတစ်ဦးချင်းပေးချေနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူများကိုယ်စား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ကျောက်ဆည်ခရိုင်ဘဏ်ခွဲ) မန်နေဂျာ ဦးကျော်ကျော်အား လျော်ကြေးငွေများ ပေးအပ်ခဲ့ကြောင်းနှင့် မုန့်ပေါင်းကျေးရွာမှ တောင်သူဦးကိုကိုလေးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာ့အာမခံလုပ်ငန်း ကျောက်ဆည်ခရိုင်ရုံးအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်၊ အကျိုးစီးပွားများကို အာမခံစနစ်ဖြင့် စောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် အသက်အာမခံပေးခြင်း၊ မီးအာမခံပေးခြင်း၊ မော်တော်ယာဉ်များအတွက် အလုံးစုံထိခိုက်မှုအာမခံပေးခြင်း၊ ခရီးသွားအာမခံပေးခြင်းစသည့် အာမခံလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်တင်ထွေး