တာမွေမြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်ပူးပေါင်းဆောင်ရွက်

တာမွေ ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်တာမွေမြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများ၌  မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပေါ်မီးလောင်ကျွမ်းမှုဖြစ်ပေါ်သည့်အခါ စနစ်တကျမီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစားအမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူးအမျိုးမျိုးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို အဆိုပါရုံးရှိတာဝန်ရှိသူများနှင့် ဝန်ထမ်းများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသေးစိတ်အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုးနှင့် မီးသတ်ဆေးဘူးများကို လက်တွေ့အသုံးပြု၍ စနစ်တကျ မီးငြှိမ်သတ်နည်းများကို လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ယခုအခါ ပူပြင်းခြောက်သွေ့လွန်းလှသည့် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ယခုနှစ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာ အဆောက်အဦများအပြင် မြို့နယ်အတွင်းရှိ အခြေခံပညာစာစစ်ဌာနကျောင်းနှင့် မူလတန်းကြိုကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများ၊ စျေးဆိုင်များနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)