ပျဉ်းမနား ဖေဖော်ဝါရီ ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူကလူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)တွင် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးဇော်မင်းလွင်က သင်တန်းစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ပျဉ်းမနားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာကြည့်တိုက် တာဝန်ထမ်းဆောင်နေကြသူများ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်လျက်ရှိပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နံနက် ၉ နာရီခွဲမှ ၁၂ နာရီအထိ သင်တန်းနည်းပြအဖြစ် ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့်အဓိကအရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာများ၊ အသံပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှုနှင့် ဆောင်ရန်/ရှောင်ရန်များ စသည့်ကဏ္ဍများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)