တာချီလိတ်မြို့ ကျက်သရေဆောင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ

တာချီလိတ် ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ကျက်သရေဆောင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် ဂေါပကအဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား အာရုံဆွမ်းကပ်လှူပြီး နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုဓမ္မက ဆွမ်းအနုမောဒနာတရားတော်နှင့် ဆရာတော်သံဃာတော်များ ဟောကြားသည့်  ဩဝါဒကထာတရား နာယူကြည်ညိုကြသည်။

ထို့နောက် ရွှေတိဂုံဂေါပကဥက္ကဋ္ဌ ဦးဇော်မြင့်နှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ကပ်လှူပူဇော်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက အဖွင့်အမှာစကားပြောကြားပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ညွှန့်က ဂေါပကအဖွဲ့ လွှဲပြောင်းပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဂေါပကဥက္ကဋ္ဌအဟောင်း ဦးကျော်ညွှန့်နှင့်အဖွဲ့မှ ဥက္ကဋ္ဌအသစ်နှင့်အဖွဲ့သို့ စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ပြီး ဂေါပကအဖွဲ့အသစ် ဥက္ကဋ္ဌ ဦးဇော်မြင့်က ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ နာယက ဦးတင်လှိုင်(သီဟသုတဓမ္မမဏိဇောတဓရ လူမှုထူးချွန်-ပထမအဆင့်) ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ ဂေါပကအဖွဲ့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်စွဲဖြင့် ဥက္ကဋ္ဌ ဦးဇော်မြင့်နှင့် ဂေါပကအဖွဲ့အသစ် ၉ ဦးကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး တာချီလိတ် ရွှေတိဂုံစေတီတော်ကြီးအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ ပြည်တွင်းပြည်ပ ဘုရားဖူးလာရောက်သူများ စိတ်ချမ်းမြေ့စွာ ကုသိုလ်ယူနိုင်ရေးတို့အတွက် ဒေသဆိုင်ရာအာဏာပိုင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)