ပုသိမ်ကြီးမြို့နယ်ရှိ အမျိုးသားယဥ်ကျေးမှုတက္ကသိုလ် (မန္တလေး)တွင် မီးဘေးလုံခြုံရေး ဟောပြော၊ သရုပ်ပြ၊ စစ်ဆေးခြင်းများ ဆောင်ရွက်

ပုသိမ်ကြီး ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ အမျိုးသားယဥ်ကျေးမှုတက္ကသိုလ် (မန္တလေး)သို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် မီးဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြသခြင်းနှင့် စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၂နာရီက အဆိုပါတက္ကသိုလ်၌ ဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းသန့်က မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခဲ့ရာတွင် မီးငြှိမ်းသတ်ခြင်း၊ မီးလောင်မှုဖြစ်စဥ်များ၊ သဘာဝဘေး၊ တောမီး၊ EV (ကား) မီးလောင်မှုများအကြောင်း စသည်တို့အား အသိပညာပေးဟောပြောခဲ့ပြီး၊ မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး၊ အမျိုးသားယဥ်ကျေးမှုတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ဆီမီး၊ ဂတ် (စ်) မီး တို့အား တက်ရောက်လာသူများအား လက်တွေ့ငြှိမ်းသတ်မှုများ ဆောင်ရွက်စေခဲ့သည်။ အခမ်းအနားသို့ တက္ကသိုလ်ပါမောက္ခချုပ်နှင့်တကွ ဆရာ/ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇာနည်ကိုကို