မိုင်းခုတ် ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့်အခြား မီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဟောပြောခဲ့ကြသည်။
အဆိုပါ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်မှ သဘာဝအလျှောက် တောမီးလောင်ကျွမ်းခြင်း၊ တို့မီး၊ ရှို့မီးနှင့်အခြား ပေါ့ဆမီးများကြောင့် ဖြစ်ပေါ်လာသည့် ဒေသတွင်းမီးခိုးမြူငွေ့ကျရောက်နိုင်သည့် အခြေအနေများအားလည်းကောင်း၊ မိုင်းခုတ်မြို့ ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်နှင်းနှင်းအေးက မီးခိုးမြူငွေ့များကြောင့် မျက်စိနာခြင်း၊ အရေပြားယားယံခြင်း၊ ချောင်းဆိုးခြင်း၊ နှာမွှန်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြင်းအကြောင်းအရာများအားလည်းကောင်း၊ မြို့ရဲတပ်ဖွဲ့မှ ရဲအုပ်တင်မိုးက မဆင်မခြင် တောမီးရှို့ခြင်းအတွက် ရရှိလာမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ တောမီးရှို့၍ အမဲလိုက်ခြင်းများ မပြုလုပ်ကြရန် စသည်ဖြင့် အသီးသီးဆွေးနွေး၍ အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်(၃)ရပ်ကွက်နေ ပြည်သူများက သိရှိလိုသည့်များ ပြန်လည်မေးမြန်းခဲ့ကြရာ သက်ဆိုင်သည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်လွင်ဌေး(ပြန်/ဆက်)