တာချီလိတ် ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားလုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းနှင့် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်မိုးဝင်း တို့သည် အရှည်ငါးမိုင်ရှိ တာချီလိတ်-မိုင်းဆတ်လမ်း(ဆန်ဆိုင်းမြို့ပတ်လမ်း)အား မြေသားလမ်းမှ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရာဂီမုန်တိုင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ မယ်ဆိုင်ချောင်းကူး တံတားအားအရှည် ၈၀ ပေရှိ သံဘေလီတံတားဖြင့် ပြန်လည်တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်အား ကြည့်ရှုစစ်ဆေးရာ တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းနိုင်နှင့် တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)