ရတနာပုံတက္ကသိုလ် (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် သုတေသနစာတမ်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် အကောင်းဆုံးစာတမ်းဆုများ ပေးအပ်ချီးမြှင့်ပွဲ ကျင်းပ

အမရပူရ ဖေဖော်ဝါရီ ၂၅

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျရောက်သည့် အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၏ (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းများတင်သွင်းဖတ်ကြားခဲ့ကြသည့် စာတမ်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် အကောင်းဆုံးသုတေသနစာတမ်းဆုများ ပေးအပ်ပွဲချီးမြှင့်ပွဲ အခမ်း အနားကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါတက္ကသိုလ်ရှိ  အမရပူရခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး ပါမောက္ခချုပ်က ရတနာပုံတက္ကသိုလ်  (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ်တွင် စာတမ်းများ တင်သွင်းဖတ်ကြားခဲ့ကြသည့် စာတမ်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အကောင်းဆုံး သုတေသနစာတမ်းဆုများကို ပေးအပ်ချီးမြှင့်ရာ ဝိဇ္ဇာဘာသာရပ်တွင် “ကဗျာအဖွဲ့များက ညွှန်းဆိုသော မြန်မာ့ရိုးရာသနပ်ခါးဓလေ့”စာတမ်းဖြင့် မြန်မာစာဌာနမှ လက်ထောက်ကထိက၊ ဒေါ်စုရည်ဖြိုး အားလည်းကောင်း၊ သိပ္ပံဘာသာရပ်တွင် “Design and Consturuction of an IOT Based Greenhouse Monitoring and Conturolling System” စာတမ်းဖြင့် ရူပဗေဒဌာနမှ ကထိက၊ ဒေါ်ခိုင်တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အကောင်းဆုံးစာတမ်းရှင်များက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ သုတေသနစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဝိဇ္ဇာဘာသာရပ်တွင် မြန်မာစာ (၃)စောင်၊ အင်္ဂလိပ်စာ (၄)စောင်၊ ပထဝီဝင် (၄)စောင်၊ သမိုင်း (၆)စောင်၊ ဥပဒေပညာ (၃)စောင်၊ အရှေ့တိုင်းပညာ (၂)စောင်၊ နိုင်ငံတကာဆက်ဆံရေးပညာ (၂)စောင်၊ ရှေးဟောင်းသုတေသနပညာ (၂)စောင်၊ စာကြည့်တိုက်နှင့်သုတပညာ (၁)စောင်၊ စီးပွားရေးပညာ (၁)စောင် တို့အားလည်းကောင်း၊ သိပ္ပံဘာသာရပ်တွင် ဓာတုဗေဒ (၂)စောင်၊ ရူပဗေဒ (၁၂)စောင်၊ သင်္ချာ (၂)စောင်၊ သတ္တဗေဒ (၁)စောင်၊ ရုက္ခဗေဒ (၂)စောင်၊ ဘူမိဗေဒ (၁)စောင် စုစုပေါင်း စာတမ်း (၄၈)စောင်ကို တင်သွင်းဖတ်ကြားခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)