အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ရန်ကုန်မြို့သို့ရောက်ရှိ

ဗဟန်း ဖေဖော်ဝါရီ  ၂၅

ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ Horizon Lake View Hotel တွင် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည့် ထိရောက်သောလူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများစွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” (Workshop on Mastering Government Communication: Empowering Spokespersons for Effective Public Engagement)သို့ တက်ရောက်မည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည်ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရန်ကုန်မြို့သို့ရောက်ရှိရာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထိရောက်သောလူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို အာဆီယံပြန်ကြားရေးဆပ်ကော်မတီ၏ စီမံကိန်းတစ်ခုအဖြစ် အာဆီယံယဉ်ကျေးမှုရန်ပုံငွေအထောက်အပံ့ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အာဆီယံဒေသတွင်းရှိ အစိုးရပြောရေးဆိုခွင့်ရှိသူများ၏စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် မီဒီယာနှင့်အစိုးရတာဝန်ရှိသူများအကြား ထိထိရောက်ရောက်ဆက်သွယ်ပြောဆိုနိုင်ရန်၊ အဓိကကျသည့်သတင်းစကားများဖြန့်ဖြူးပေးပို့နိုင်ရန်နှင့် အစိုးရနှင့်ပြည်သူလူထုအကြား ယုံကြည်မှုတည်ဆောက်ရန်သာမက အကျပ်အတည်းအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လိုအပ်သောကျွမ်းကျင်မှုနှင့်အသိပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ လာအိုနှင့်အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်တို့ပါဝင်တက်ရောက်ဆွေးနွေးကြမည်ဖြစ်ပြီး လေ့လာသူများအဖြစ် ဂျပန်နိုင်ငံကိုယ်စားလှယ်နှင့် အခြားတာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည်။
ထို့အတူ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအပါအဝင် မီဒီယာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက လေ့လာသူအဖြစ် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)