ကျိုက်ထို ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ နှစ်စဉ်ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခုနှစ်တွင် ယခင်နှစ်ကထက် လာရောက်ဖူးမြော်သူပိုမိုများပြား၍ (၇၂၆၆၆၄)ဦးရှိကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
“ပြီးခဲ့တဲ့နှစ် ဘုရားပွဲတော်ကာလမှာ ပြည်တွင်းပြည်ပဘုရာဖူးစုစုပေါင်း (၇၂၆၆၆၄)ဦးရှိခဲ့တယ်၊ ဒီနှစ်မှာတော့ ပွဲတော်အစ အောက်တိုဘာလ ၁၇ ရက်နေ့(သီတင်းကျွတ်လပြည့်နေ့)ကနေ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိကို ဘုရားဖူး(၈၀၀၀၀၀)ကျော်ပြီး ပြည်တွင်းဘုရားဖူး(၇၈၁၂၈၆)ဦးနှင့် ပြည်ပဘုရားဖူးက(၂၃၀၆၆)ဦးရှိပါတယ်။ နိုင်ငံခြားသားပြည်ပဘုရားဖူးတွေထဲမှာ ထိုင်းနိုင်ငံနှင့်ဗီယက်နမ်ကအများဆုံးပါပဲ။ စနေ၊ တနင်္ဂနွေနဲ့ အများပြည်သူအလုပ်ပိတ်ရက်တွေမှာ အများဆုံးလာကြပြီးတော့ ဒီနှစ်ကတော့ ယခင်နှစ်ထက် ဘုရားဖူးပိုများပါတယ်”ဟု စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တာဝန်ရှိသူက ပြောသည်။
ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်တက်မော်တော်ယာဉ် ၁၅၀ စီးကို နေ့စဉ်ပြေးဆွဲပေးနေပြီး သတ်မှတ်လူဦးရေနှင့် ယာဉ်စီးနင်းခများကိုလည်း သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားကြောင်း သိရသည်။
ဘုရားဖူးပြည်သူများ စည်ကားများပြားသည့်အတွက် ကျိုက်ထီးရိုးတောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီးစေတီတော်၊ ရေတံခွန်စသည့်နေရာများ၊ ရင်ပြင်တော်ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့်စည်ကားနေသည့်အပြင် အခမဲ့နှင့် အခပေးတည်းခိုဆောင်များ၊ ရင်ပြင်တော်၌လည်း တည်းခိုနေထိုင်သူများပြားလျက်ရှိကြောင်း တွေ့ရသည်။
ကျိုက်ထို(ပြန်/ဆက်)