နမ့်စန်(တ) ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး၊ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း မရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်နှင့် နမ့်စန်-မိုးနဲ မြို့အဝင် စစ်ဆေးရေးဂိတ်တို့တွင် ရှောင်တခင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သွားလာနေကြသော မော်တော်ယာဉ်မျိုးစုံကို ရပ်တန့်စစ်ဆေး၍ ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲ ယာဉ်မောင်းနှင်စီးနင်းသူများကို အသိပညာပေးပြောကြားခြင်း၊ အသက်ကယ် ခါးပတ် မပတ်ဘဲယာဉ်မောင်းနှင်သူများကို ခါးပတ် ပတ်ပြီးမောင်းနှင်စေခြင်း၊ တရားမဝင်ကုန်စည်များ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုကို အပတ်စဉ် နေရာအလိုက် ပြုလုပ်သွားမည်ဖြစ်ပြီး ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ မောင်းနှင်သူများနှင့် အသက်ကယ်ထိုင်ခုံခါးပတ်မပတ်ဘဲ ယာဉ်မောင်းနှင်သူများကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့စုံဖြင့် ရှောင်တခင်စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)