ပိဋကတ်သုံးပုံမြန်မာပြန်စာအောင်သံဃာတော်များ၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ

ဗဟန်း ဖေဖော်ဝါရီ  ၂၅

ပိဋကတ်သုံးပုံမြန်မာပြန်စာအောင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မဟာဝိဇယစေတီတော်ဝင်းအတွင်းရှိ ပို့ဆောင်ရေးဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာအခမ်းအနားသို့ ကြွရောက်တော်လာမူကြသည့် တိပိဋကဓရဆရာတော်ဘုရားကြီးအမှူးပြုသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောပဏာမဂါထာတော်ကြီးကို သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍  ဖွင့်လှစ်ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာမဏ္ဍိတ၊  အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂသာမိက အဖွင့်ဩဝါဒကထာကို ချီးမြှင့်တော်မူပြီး ရန်ကုန်မြို့၊ စိန်ရတနာဓမ္မာစရိယစာသင်တိုက်၊ ပဓာနနယကဆရာတော်၊ တိပိဋကမာမကအသင်းဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တသာသနဝရကသမ္မောဒနီယကထာကို ပြောကြားတော်မူသည်။

ယင်းနောက် ရန်ကုန်မြို့၊ စိန်ရတနာဓမ္မာစရိယစာသင်တိုက်၊ ပဓာနနယကဆရာတော်ဘဒ္ဒန္တသာသနဝရ ရေးသားဂုဏ်ပြုအပ်သော တိပိဋကမာမကဂုဏဝဏ္ဏနာဝံသဋ္ဌဂါထာနှင့် ဧကပိုဒ်ရတုတို့ကို ရန်ကုန်မြို့၊ မတ္တရာစာသင်တိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇောဘာသက ဂုဏ်ပြုဖတ်ကြားသည်။ ထို့နောက် ဒေါ်အေးသီတာက တိပိဋကမာမက ဘွဲ့ရလူပုဂ္ဂိုလ် ၃ ဦးတို့၏အတ္ထုပ္ပတ္တိကို ဂုဏ်ပြုဖတ်ကြားပူဇော်ပြီး We Love Dhamma Foundation ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဧကာဒသမတိပိဋကဓရတိပိဋကကောဝိဒရမ္မာဝတီ ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ဧကာဒသမတိပိဋကဓရတိပိဋကကောဝိဒရမ္မာဝတီဆရာတော် ကတတိပိဋကမာမက ဘွဲ့ရလူပုဂ္ဂိုလ်များအား ဂုဏ်ပြုလက်မှတ်များကိုချီးမြှင့်တော်မူသည်။ ထို့နောက် ရန်ကုန်မြို့ ဒေါက်တာဝင်းမြင့်+အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဒေါ်ခိုင်ခိုင်ဦးမိသားစုက ငွေကျပ်သိန်း ၁၂၀ ကိုပေးအပ်လှူဒါန်းရာ We Love Dhamma Foundation ဥက္ကဋ္ဌဦးမျိုးမြင့်က လက်ခံရယူသည်။

ထို့နောက် ရန်ကုန်မြို့၊ စိန်ရတနာဓမ္မာစရိယစာသင်တိုက်၊ ပဓာနနာယကဆရာတော်ဘဒ္ဒန္တသာသနဝရကပိဋကမာမကပိဋကတ်အနှစ်ချုပ်ကျမ်းစာနှင့်ရွှေကလောင်ဆုရတို့ကို တိပိဋကမာမကဘွဲ့ရများကို ပေးအပ်ချီးမြှင့်တော်မူသည်။ ဆက်လက်၍ တိပိဋကမာမကဆုတံဆိပ်တော်၊ တိပိဋကမာမကရွှေရင်ထိုးတံဆိပ်တော်ရရှိတော်မှုကြသည့် သံဃာတော်၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များအား We Love Dhamma Foundation နာယကများ၊ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ဆက်ကပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

အောင်မြင့်(ပြန်/ဆက်)