နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြိုနယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ရာဇဌာနီလမ်းဘေးရှိ ကွင်းအမှတ် ၁၆၄၁ အတွင်း ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ တောင်သူများနှင့်တွေ့ဆုံရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများ၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲသည့် နည်းလမ်းများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ မြေကိုစနစ်တကျ ပြုပြင်သုံးစွဲရေး၊ စိုက်ပျိုးရေစနစ်တကျသုံးစွဲရေး၊ စိုက်နည်းစနစ်များ မှန်ကန်စွာအသုံးပြုရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအားတိုးမြှင့်ရေး၊ သုံးသီးစိုက်ပျိုးနိုင်ရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ကွင်းအမှတ် ၁၆၄၁ ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ခင်းတွင် ဆင်ရွှေကြာ-၂နေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၂၄၅/၇ နဝင်း ချောင်းတံတား(အဆုံတံတား) ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် နေပြည်တော်ရေအရင်းအမြစ် နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် Gabion Box ကမ်းထိန်းနံရံ၊ မြစ်ကြောင်းဖြောင့်ခြင်းနှင့် Guide Wall တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများဆောက်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများကို သတ်မှတ်အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရေး အထူးအလေးထား ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာအုပ်စု၊ နွယ်ရစ်ကျေးရွာအနီးတောင်သူများ စိုက်ပျိုးထားသည့် ပန်းမုန်လာ၊ ပန်းစိမ်း၊ ဂေါ်ဖီ၊ ဖူးစားပြောင်း၊ ကြက်သွန်စသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို သွားရောက်ကြည့်ရှုအားပေးရာ တောင်သူများက စိုက်ပျိုးထုတ်လုပ်မှု၊ ဝင်ငွေရရှိမှုနှင့် ဒေသဖွံ့ဖြိုးမှုအခြေအနေများ၊ လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စားရေရိက္ခာဖူလုံရေး၊ အာဟာရဓာတ်ပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးထုတ်လုပ်ရေးနှင့် သီးနှံများကို ဆက်လက်အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြစေလိုကြောင်း ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာ၌ စက်ရက်ကန်းအလုပ်ရုံ လုပ်ငန်းလည်ပတ်နေမှုအခြေအနေများနှင့် ပိတ်စများ ထုတ်လုပ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စက်ရက်ကန်း လက်ရှိဆောင်ရွက်နေမှု၊ ကုန်ကြမ်းဝယ်ယူမှုနှင့် ကုန်ချောထုတ်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသမှထွက်ရှိသည့် ဝါကုန်ကြမ်းများကို အသုံးပြုနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊  လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ဈေးကွက်ရရှိရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)