ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်၊ ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး

စစ်တွေ  ဖေဖော်ဝါရီ  ၂၄

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အရာထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေများသမိုင်း၊ သဘောသဘာဝများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသော နိုင်ငံတော်၊ နိုင်ငံတော်၏အခြေခံမူများ၊ နိုင်ငံတော် တည်ဆောက်ပုံ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအခန်းကဏ္ဍတွင်ပါဝင်သော ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၏ လုပ်ငန်းဆောင်တာများ၊ အုပ်ချုပ်ရေးတွင်ပါသော သမ္မတရွေးချယ်တင်မြှောက်ပုံ၊ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီဖွဲ့စည်းပုံ၊ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းပုံ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဖွဲ့စည်းပုံများ၊ အရေးပေါ်ကာလပြဋ္ဌာန်းချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အလေးထားပြီး ပို့ချဆွေးနွေးသကဲ့သို့ ဆွေးနွးပွဲတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အရာထမ်း များကလည်း စိတ်ဝင်တစားလေ့လာမှတ်သား ပါဝင်ဆွေးနွေးကြသည်ဟုသိရှိရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူစဉ်ကာလတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉) ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ထဲမှ တစ်ရပ်ဖြစ်သော လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပပြီး အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်ပေးရန်ဆိုသည့် လုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲသည် တိုင်းပြည်၏ဂုဏ်သိက္ခာနှင့် သက်ဆိုင်သော အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတမှသာ ပြည်သူများလိုလား တောင်းတသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲစေပြီး နိုင်ငံ၏နိုင်ငံရေးသမိုင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာမြင့်မားစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေများကို သိရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ကျရာတာဝန်က ပါဝင်နိုင်အောင် အသင့်ရှိနေရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များမှ သိကောင်းစရာများကို လေ့လာသိရှိခွင့်ရရှိသည့်အတွက် ဥပဒေဗဟုသုတရရှိကြမည်ဖြစ်ကြောင်း၊ အသိပညာဗဟုသုတကြွယ်ဝခြင်းသည် အရာရာကို ဖန်တီးနိုင်စွမ်းရှိသော စွမ်းအားသတ္တိများရှိကြောင်း၊ ထို့ကြောင့် ယခုဆွေးနွေးပွဲက ရရှိလာသောဥပဒေဗဟုသုတနှင့်ရပ်မနေဘဲ မိမိတို့အားလပ်ချိန်များတွင် လေ့လာသင့်သည့် ဥပဒေဗဟုသုတများကို ဆက်လက်လေ့လာနေရမည် ဖြစ်ကြောင်းနှင့် ရရှိလာမည့် ဗဟုသုတများကိုလည်း မိမိတို့လုပ်ငန်းခွင်တွင်ပေါင်းစပ်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် ပေးအပ်လာမည့်တာဝန်များကို ကြိုးစားဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းက ဆွေးနွေးပို့ချပေးခဲ့မှုများအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကျောင်းအတွင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဆိုလာစနစ်ဖြင့် ရေတင်နေမှုကိုကြည့်ရှုစစ်ဆေးကြသည်။

စစ်တွေမြို့တွင် အခြေခံပညာအဆင့်ကျောင်းတွင်းစစ် အတန်းပြီးမြောက်မှုစစ်ဆေးခြင်းကို KG အတန်းမှ Grade-12 အတန်းအထိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)