မြစ်သား ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ကျေးလက်နေပြည်သူများလူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသင်းသားတောင်သူတစ်ဦး ချင်းဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းမှ မိုးကြိုဝါစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းစုပိုင်ငွေများဖြင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအသင်းဥက္ကဋ္ဌ နေအိမ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိက အဖွင့်အမှာစကားပြောကြားရာတွင် မိုးကြိုဝါစိုက် ပျိုးမည့်အသင်းသားတောင်သူများ ပန်းတိုင်အထွက်နှုန်း ရရှိစေရန် မျိုးကောင်းမျိုးသန့်များကို အချိန်မှီစိုက်ပျိုးသွားရန်လိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ခေတ်မီနည်းစနစ်များကို အသုံးပြုစိုက်ပျိုးပါက (၁) ဧကအထွက်နှုန်းတိုးပြီး ဝင်ငွေတိုးတက်ရရှိမှာဖြစ်ကြောင်း၊ ရေရရှိရေးအတွက် သမဝါယမဦးစီးဌာနမှ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေး မျိုး၊ မြေ၊ ရေ၊ နည်း (၄)မျိုးကို ဟန်ချက်ညီညီ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အသင်းသားတောင်သူ (၁၄၃)ဦး၊ စိုက်ပျိုးဧက (၄၄၇) ဧကအတွက် မိုးကြိုဝါစိုက်ပျိုးရန် (၁) ဧက (၂)သိန်းနှုန်းဖြင့် သွင်းအားစုစုပေါင်းငွေကျပ် (၈၉၄) သိန်းနှင့်ညီမျှသော တောင်သူစိတ်ကြိုက်သွင်းအားစုများကို အသင်းသား တောင်သူလက်ဝယ် အရောက်ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုမှတာဝန်ရှိသူများ၊ အခြေခံသမဝါယမအသင်းမှအမှုဆောင်အဖွဲ့နှင့်ဒေသခံ အသင်းသားတောင်သူများ စုစုပေါင်းအင်အား (၁၂၀) ဦးခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)