ဗဟန်းလူထုအခြပြုဗဟိုဌာနတွင် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်

ဗဟန်း ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများ ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားမှူး ဒေါ်အေးအေးခိုင်၊ စာရေးဆရာမတင့်တယ်ခင်၊ စာရေးဆရာမနန်းသင်းသင်းဝေ(ပျူပုတီး)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့မှူးနှင့်ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားမှူး ဒေါ်အေးအေးခိုင်က ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၆)ဦး၊ အမှတ်(၂၄)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ(၂၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၈)ဦးတို့က ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲများပြီးမြောက်ပြီးနောက် ဟောပြောပွဲကိုကျင်းပခဲ့ရာ စာရေးဆရာမတင့်တယ်ခင်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမနန်းသင်းသင်းဝေ(ပျူပုတီး)က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားမှူး ဒေါ်အေးအေးခိုင်၊ စာရေးဆရာမတင့်တယ်ခင်၊ စာရေးဆရာမ နန်းသင်းသင်းဝေ(ပျူပုတီး)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့မှူးနှင့် ဆရာမများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက သုရ၊ ရသစာအုပ်စာစောင်များပြသထားမှုနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြပြီး ဗဟန်းလူထုအခြေပြုဗဟိုဌာနအတွင်းရှိ ပြခန်း၊ ကလေးစာဖတ်ခန်း၊ အားကစားခန်းမ၊ ကွန်ပျူတာခန်း၊ ပြည်သူ့စာကြည့်တိုက်တို့အား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်)