လသာ ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောက်တံတားခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးဥက္ကာကအဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီမိုကရေစီစတင်ကျင့်သုံးစဉ်က ပြဌာန်းထားပြီးဖြစ်၍ မြို့နယ်အတွင်းရှိအသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများအားလုံးအကျုံးဝင်ပါကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးခြင်းဆိုင်ရာသိကောင်းစရာများ၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များနှင့် တရားမဝင်မီဒီယာများ၏ ကောလာဟလ လုပ်ကြံသတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုဖြစ်ရန်မလိုကြောင်းတို့ကို ရပ်ကွက်နေပြည်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ဝင်းက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေဆိုင်ရာ အကြောင်းအရာများအားရှင်းလင်းပြောကြားခဲ့ပြ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများကသိရှိလိုသည်များကို မေးမြန်းခဲ့မှုအပေါ် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးဥက္ကာမှပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်သော လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)