တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် စာအုပ်များအား ရပ်/ကျေးစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲနှင့် ဆွေးနွေးပွဲပြုလုပ်

သုံးခွ ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့်စာအုပ်များအား ရပ်/ကျေးစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲနှင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ သုံးခွမြို့နယ် စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝိတ်က စာအုပ်များမပျောက်မပျက်အောင် ထိန်းသိမ်းထားရှိရန်နှင့် စာပေဖတ်ရှုခြင်းကြောင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်းကို ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်​ထွေးက ရပ်ကွက်ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်မှူးများအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာအုပ်များကိုတိုက်ပိုင်မှတ်ပုံတင်စာရင်းရေးသွင်းရန်၊ စာကြည့်တိုက်များတွင် လိုအပ်သည့် စာကြည့်တိုက်ဆိုင်ရာစာငှားစနစ်များ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့်အစီအစဥ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်မှုကော်မတီမှ စာကြည့်တိုက် တစ်တိုက်လျှင် ၁၂၈ အုပ်နှုန်းဖြင့် သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာစာကြည့်တိုက်(၃)တိုက်သို့ ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာစာကြည့်တိုက်မှူးများက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ရုံးမှပြသထားသော သုတ၊ ရသ၊ စာအုပ်များနှင့် နံရံကပ်စာစောင်များအား တတ်ရောက်လာသူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)