ဒလ ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှလှူဒါန်းသော စာအုပ်၊ စာစောင်များအား ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲနှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးသန်းဝင်းက မြို့နယ်အတွင်း စာကြည့်တိုက်များရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာကြည့်တိုက်ကော်မတီ၀င်များနှင့် စာကြည့်တိုက်မှူးများက အထူးဂရုစိုက်အလေးထားဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဝင်းက စာအုပ်လှူဒါန်းပွဲပြုလုပ်ရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ လှူဒါန်းသော စာအုပ်များအား ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိစာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းပါ၀င်ဆောင်ရွက်ပေး စေလိုပါကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့ လှူဒါန်းသည့်စာအုပ်များအား မြို့နယ်ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာ၀င်းမှ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်း၀င်းထံသို့ ပေးအပ်လှူဒါန်း၍ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များမှတစ်ဆင့် ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်(၈)တိုက်သို့ ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ရာ စာကြည့်တိုက်မှူးများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)