ဗဟန်း ဖေဖော်ဝါရီလ ၂၄
နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် မှ ၁၄ ရက်ထိ Virtual စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပသည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များကိုထပ်ဆင့်ရှင်းလင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးမှလည်း နိုင်ငံတော်ဘဏ္ဍာငွေများအား လေလွင့်ပြုန်းတီးမှုမဖြစ်ပေါ်စေရေး အထူးဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ တရားသူကြီးများသည် မိမိဂုဏ်သိက္ခာထိန်းသိမ်းပြီးလျော်ကန်သင့်မြတ်စွာ ဝတ်စားဆင်ယင်ကြရန်လိုကြောင်း၊ သက်သေခံပစ္စည်းများ လျော့နည်းပျက်စီးပျောက်ဆုံးမှု မဖြစ်ပေါ်စေရေး အလေးဂရုပြုဆောင်ရွက်ရန်လိုကြောင်း စသည်ဖြင့် ထပ်ဆင့်ရှင်းလင်းမှာကြားပါသည်။
အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တိုင်းဒေသကြီးတရားရေးလွှတ်တော်၊ ခရိုင်/မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများစုစုပေါင်း(၃၂၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)