ပင်လောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

ပင်လောင်း ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း မိုလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးရှင်းလင်းပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်က အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးညီညီတင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှ ပြည်သူ့စစ်မှုထမ်းထမ်းဆောင်မှု အခြေအနေများကိုလည်း‌ကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်လှသိန်းက ပြည်သူ့စစ်မှုထမ်းဆိုင်ရာများနှင့်ပတ်သက်၍ ပအိုဝ်းဘာသာစကားဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ပြည်သူ့စစ်မှုထမ်းတစ်ဦး၏ ခံစားနိုင်မည့် အကျိုးခံစားခွင့်များနှင့် ပြည်သူစစ်ထမ်းဆောင်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများ၊ ဟိုးပုံးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်စာနှင့် ပုံစံဖြည့်သွင်းမှုအခြေအနေများ၊ ပင်လောင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်စိုးမြင့်က ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ သင်တန်းတက်ရောက်သည့် ကာလအတွင်း ရရှိမည့်အကျိုးခံစားခွင့်များတို့ကို  ရှင်းလင်း‌ပြောကြားခဲ့ကြသည်။

ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ ထို့ပြင် အသိပညာပေးရှင်းလင်းပွဲသို့ ဒေသခံပြည်သူ ၃၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)