နမ့်စန်(တ) ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်သော မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၅) ကျေးရွာအုပ်စု၊ အမှတ် (၅) ကျေးရွာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ကိုကို၊ ကျေးရွာတာဝန်ခံ ဦးဝင်းရွှေနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကားနှင့် မီးဘေးဘေးလုံခြုံရေး ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က မီးဘေးအန္တရာယ်ကြီးမားပုံ၊ မီးလောင်မှုဖြစ်ပွားစေသည့် အကြောင်းအရင်းများ၊ ကျေးရွာမီးဘေးလုံခြုံရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်း၊ မီးဘေးအန္တရာယ် ကျရောက်လာပါက လက်တွေ့မီးငြှိမ်းသတ်ရေးနည်းလမ်းနှင့် မီးခိုးမြူငွေ့အန္တရာယ်အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မီးသတ်ကားပိုက်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် အခြားအလွယ်တကူ မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြသခဲ့ပြီး တက်ရောက်လာကြသည့် ကျေးရွာသူ၊ ကျေးရွာသားများက ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)