ဝမ်းတွင်းမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့် တောင်သူများတွေ့ဆုံပွဲပြုလုပ်

ဝမ်းတွင်း ဖေဖော်ဝါရီ  ၂၄

မန္တလေးတိုင်း​ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါကာ  ဖေဖော်ဝါရီ(၂၃)ရက်နေ့က ဂုဏ်ရွာ၊ ဆူးပန်း၊ ကုန်းရွာ၊ ရိုးစုံကျေးရွာများမှနွေသီးနှံစိုက်ပျိုးမည့် တောင်သူများအား ကင်းတားရှင်းလင်းဆောင်၌လည်းကောင်း၊ ညောင်ပင်လှ၊ နဘဲကန်၊ အင်းကန်းကုန်း၊ အင်းခမ်းကြီးကျေးရွာများမှ နွေသီးနှံစိုက်ပျိုးမည့်တောင်သူများအား ညောင်ပင်လှကျေးရွာဓမ္မာရုံ၌လည်းကောင်း တွေ့ဆုံခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်ဦးရွှေဇင်က နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ၍ နွေသီးနှံပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့တွင်ပါဝင်သော တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ မိတ္ထီလာခရိုင် စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့မှ စိုက်ပျိုးမည့်နွေနှမ်း၊ ဝါ၊ နွေစပါး၊ ပဲတီစိမ်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးသက်ဆိုင်ရာ ကဏ္ဍအလိုက်အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဂုဏ်ရွာကျေးရွာတွင် နွေသီနှံပေါင်း(၁၃၃၁)ဧက၊ ဆူးပန်းကျေးရွာတွင် (၂၇၅၀)ဧက၊ ကုန်းရွာကျေးရွာတွင်(၆၆၉)ဧက၊ ရိုးစုံကျေးရွာတွင်(၄၇၀) ဧက၊  ညောင်အုပ်ဖီးကျေးရွာတွင်(၈၁၀)ဧက၊ ညောင်ပင်လှကျေးရွာတွင် (၄၈၀)ဧက၊ နဘဲကန်ကျေးရွာတွင်(၃၂၄၇)ဧက၊ အင်းကန်းကုန်းကျေးရွာတွင် (၁၄၅၀)ဧက၊ အင်းခမ်းကြီးကျေးရွာတွင် (၃၆၁၆) ဧက၊ စုစုပေါင်း နွေသီးနှံစိုက်ပျိုးဧက(၁၄၈၂၃)တို့အား ဒေသခံတောင်သူ (၅၀၀)ဦးက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)