တံတားဦးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

တံတားဦး ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ  ပြည်သူများ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး၊ မီးဘေးသတိရှိရေး စသည်တို့ကိုရည်ရွယ်ပြီး မီးဘေးအန္တရာကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ညနေ(၅) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင် ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များနှင့်အတူ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  ပြည်သူများအနေဖြင့် မိမိတို့နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိကြရန်၊ လျှပ်စစ်မီးများအသုံးပြုရာတွင်လည်း မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုကိုင်တွယ် အသုံးပြုကြရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးကြရန် စသည်တို့ကို မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများ၌ မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးကြောင်းသိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးလုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာများသို့ တစ်အိမ်တက်တစ်အိမ်ဆင်းစစ်ဆေးခြင်း၊ မြို့မဈေးစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များစစ်ဆေးခြင်း၊ ဌာနဆိဆိုင်ရာများ မီးဘေးအန္တရာယ် သရုပ်ပြခြင်း၊ ပြည်သူလူထုအတွင်းမီးဘေးလုံခြုံရေး  စိမ့်ဝင်ပျံ့နှံ့ စေရန် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)