ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက် ရတနာပုံဈေးအတွင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် အဆိုပါ ရတနာပုံဈေးအတွင်းရှိ ဈေးတာဝန်ခံနှင့်ဈေးသူ၊ဈေးသားတို့အား မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးက နွေရာသီရောက်ရှိလာပြီဖြစ်၍ ရတနာပုံဈေးအတွင်း လျှပ်စစ်ဝါယာရှော့ဖြစ်မှုများအပါအဝင် မီးလောင်မှုများ မဖြစ်ပေါ်စေရေး အထူးဂရုပြုကြရန်နှင့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်လိုက်နာရဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးရှင်းလင်းဟော ပြောခဲ့သည်။ ဆက်လက်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက စနစ်တကျ မီးငြှိမ်းသတ်နည်းနှင့် ဈေးအတွင်း မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ပုံများကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။
ခရိုင်(ပြန်/ဆက်)